ကသာ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၊ ယာယီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် “ဘက်စုံပညာကိုရည်တိုးလှမ်းချီ” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းက အမှာစကားပြောကြားရာတွင် မိမိတို့၏ကျောင်းတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ ကျောင်းသူများ ဘက်စုံပညာထူးချွန် တိုးတက်ရေးအတွက် မိမိတို့ပညာရေးဌာန၊ ဆရာ/ဆရာမများ၏ ဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များနှင့်ထားရှိရမည့် စိတ်ဓာတ်တို့ကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူတို့၏ ခံယူရမည့် သဘောထားများ၊ မိဘများ၏ ဝိုင်းဝန်း ကူညီပံ့ပိုးပေးရမည်တို့ကိုလည်းကောင်း၊ ပညာရေးစုံညီပွဲတော်၏ အဓိပ္ပာယ်နှင့်အနှစ်သာရတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပြီး အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ကျောင်းဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စောကလျာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးဟိန်းကိုဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အတန်းလိုက်ဆုရ ကျောင်းသား/ ကျောင်းသူများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင် ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ကျောင်းသား/ ကျောင်းသူများက “တို့ကျောင်းတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)