ဘားအံ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်သို့ နိုင်ငံတော်အဆင့်အကြီးအကဲများ၊ နိုင်ငံတကာမှအထူးဧည့်သည်တော်များ ရောက်ရှိတည်း ခိုနေထိုင်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၆၀၆၁ ဒဿမ ၈၂၁ သန်းဖြင့် ဘားအံတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့်စိန်ပန်းနီလမ်းထောင့်တွင် အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကရင်ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ) RC(၆)ထပ်အဆောက်အဦနှင့်အခြားဆက်စပ် လုပ်ငန်းများမှာ ယခုအခါ ၈၅ ရာခိုင်နှုန်းကျော်တည်ဆောက်ပြီးစီးနေပြီး မကြာမီဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။
ထိုသို့တည်ဆောက်ပြီးစီးနေမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းကသွားရောက်ကြည့်ရှုစစ်ဆေးရာ အဆောက်အဦအထူးအဖွဲ့ (၁၃)မှ တာဝန်ရှိသူများက ဧည့်ရိပ်သာအဆောက် အဦအထူးအချောသတ်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားကာဧည့်ရိပ်သာအဆောက်အဦ အချောသတ်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဧည့်ရိပ်သာနှင့်ဆက်စပ်သော(၅၆ပေ x ၅၀ပေ)RC (၂)ခန်းတွဲ(၄) ထပ် ညွှန်ကြားရေးမှူးအိမ်ရာ အဆောက်အဦ(၂)လုံး တည်ဆောက်ခြင်းလုပ်ငန်းခွင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၄-၂၀၂၅ ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၁၅၆၂ သန်းဖြင့် Youth Cenre (၁၄၀ပေ x ၈၀ပေ)RC (၃) ထပ်အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့်ဇော်သက္ကကုမ္ပဏီမှ တာဝန်ရှိသူများက အဆောက်အဦတစ်ခုလုံးအနေဖြင့် ၇၁ ရာခိုင်နှုန်းပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ် GYM နှင့် စားပွဲတင်တင်းနစ် အားကစားခန်းမအတွင်း အားကစားဝါသနာရှင်များ လာရောက်လေ့ကျင့်ကစားနေမှုနှင့် ရာဘာအောက်ခံအခင်း ခင်းခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး ပရဝုဏ်အတွင်း အဆောက်အဦ အထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော (၁၇၇ပေ x ၃၄ပေ)RC (၆)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အဆောက်အဦ အထူးအဖွဲ့(၁၃)မှတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း ၈၅ ရာခိုင်နှုန်းကျော်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ အဆောက်အဦ အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)