ကြံခင်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၉)နာရီခွဲ အချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ ပူးပေါင်းဆောင်ရွက် သွားကြဖို့လိုကြောင်း အသေးစိတ်ညွှန်ကြားမှုများလည်း ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားပြီး ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်က ကလေးစာပေပွဲတော်နှင့် ပတ်သက်သည့် လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေ များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက အသီးသီးပြန်လည် ဖြေကြားပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်၊ မြို့နယ် လက်ထောက်ပညာရေးမှူးဦးခင်လွင်၊ အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်လှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများက အထက(၁) ကျောင်းဝန်းအတွင်းနှင့် စာသင်ခန်းများအား ပွဲတော်ကျင်းပနိုင်ရေးအတွက် နေရာစီစဉ်မှုများ ကြိုတင်ပြုလုပ်နိုင်ရန် ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြား ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့တွင် ကလေးစာပေပွဲတော်ကို အ.ထ.က(၁) ကြံခင်း အထက်တန်းကျောင်း၌ ဇန်နဝါရီ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုး (ပြန်/ဆက်)