စကုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်အသိပညာပေးဟောပြော

မင်းဘူး ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာအထက်တန်းကျောင်း (စကု) တို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲကို  ယမန်နေ့ ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးတိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မင်းဘူးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က စားသုံးသူအခွင့်အရေးအချက် (၈) ချက်ကိုလည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစားနည်းဆိုင်ရာ အခြေခံနည်းစနစ်များနှင့် အားကစားကို လေ့လာလိုက်စားကာ ကစားစေခြင်းဖြင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် အခြေခံအားကစားနည်းများကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးတိုးလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)