ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Youth Club အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပေါက်ခေါင်း ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်းပြီး စာရေးဆရာလူထုစိန်ဝင်းရေးသားသည့် "လူကြီးနှင့်လူငယ်ကွာဟမှု" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒါ်ဇင်ဇင်မင်းမောင်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာအုပ်စာ‌‌ပေများဖတ်ရှုခြင်းဖြင့် ဗဟုသုတများစွာရရှိ‌စေနိုင်သည့်အပြင် စာပေဗဟုသုတများကို တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ပြောကြားခြင်းဖြင့်စာပေ၏ အကျိုးကျေးဇူးကိုပိုမိုသိရှိလာမှာဖြစ်ကြောင်း ပြောကြားပြီး၊ လူထုစိန်ဝင်းရေးသားသည့် "လူကြီးနှင့်လူငယ်ကွာသမှု " စာအုပ်မှ ခေါင်းစဉ်ခွဲများကို (Book Club) အဖွဲ့ဝင် ဦးစိုးနိုင်၊ စာပေဝါသနာရှင် ဦးတင်ဝင်းတို့က "လူကြီးလူငယ်ကွာသမှု"၊ "သည်းခံခြင်းယဉ်ကျေးမှု ထွန်းကားတဲ့လူမျိုး" စသည့် ခေါင်းစဉ်ခွဲများကို အသီးသီးဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ရာ၊ (Youth Club)အဖွဲ့ဝင်များ၊ စာပေချစ်သူလူငယ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)နှင့် စာပေချစ်သူလူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)