လှိုင်းဘွဲမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

လှိုင်းဘွဲ ဇန်နဝါရီ ၁၁

အခြေခံပညာမူလတန်း၊ မူလတန်းလွန်၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကိုယနေ့နံနက် ၁၀ နာရီအချိန်ကလှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းဝတ်မှုံပညာခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ပညာရေးစုံညီပွဲတော် သီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူလေးများက သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ပညာရေးမှူး ဦးစောခင်းစလေက   မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားပြုလုပ် ဆောင်ရွက်ရခြင်း၏   ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  စာစီစာကုံး၊ကဗျာ၊ ပန်းချီ၊ပိုစတာ၊ပုံပြင်ပြော၊ အဆို၊အကနှင့် အားကစားပြိုင်ပွဲများစသည့် ဉာဏစွမ်းရည်၊  ကာယစွမ်းရည်ပြိုင်ပွဲတို့တွင် ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၌ ဆုရရှိခဲ့ကြသော  ကျောင်းသား၊ ကျောင်းသူ(၈၂)ဦး၊ မြို့နယ်အဆင့်၌   ဆုရရှိခဲ့ကြသော   ကျောင်းသား၊ ကျောင်းသူ(၉၅)ဦး၊  စုစုပေါင်း(၁၇၇)ဦးတို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများနှင့် ကျောင်း အကျိုးတော်ဆောင်ကော်မတီဝင်တို့က ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍   ပြည်နယ်အဆင့်၊မြို့နယ်အဆင့်တို့၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့်စိမ်းလန်းစိုပြေရေး(Clean and Green)ဆုများကို ရရှိခဲ့ကြသော အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းလွန်ကျောင်းများအား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အခြေခံပညာ သင်ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အက၊အလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ပေးခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)