ပခုက္ကူတက္ကသိုလ်၌ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၁၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ အကြိမ်(၂၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ အရာထမ်း၊အမှုထမ်း ဆရာ၊ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင် ဦးဆောင်သော သဟာရအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမစင်မြင့်ထက်သို့ ကြွရောက်နေရာယူကြပြီး ခေတ္တပါမောက္ခချုပ်က ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ကျင်းပပြုလုပ်သော နေ့သင်တန်းဘွဲ့ရမောင်မယ် ကျောင်းသား၊ ကျောင်းသူ(၂၀၅)ဦးအား ဘွဲ့များအသီးသီးအပ်နှင်းသည်။

ထို့အပြင် ပခုက္ကူတက္ကသိုလ်၊ အဝေးသင်သင်တန်း(တတိယအကြိမ်)ဘွဲ့နှင်းသဘင်ခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆက်လက်ကျင်းပကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်သော အဝေးသင် သင်တန်းဘွဲ့ရမောင်မယ် ကျောင်းသား၊ကျောင်းသူ(၁၅၅)ဦးအား ဘွဲ့များအပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)