ပွင့်ဖြူမြို့၌ ပြည်သူများ သား/ငါး ဝယ်ယူစားသုံးမှု အဆင်ပြေစေရန် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ငါးဝယ်ယူ စားသုံးမှုအဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေး အပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့မဈေးနှင့် ကုန်းဇောင်းကျေးရွာ ကျေးလက်စည်ပင်သာယာဈေးသို့  သွားရောက်ပြီး (ဝက်၊ အမဲ၊ ဆိတ်) လိုင်စင်စီများမှ သား/ငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ ၊ အရိုး /အသား  အဆီ/အရွတ်များ ရောနှော၍ ရောင်းချမှု ရှိ/မရှိနှင့် အလေးချိန်ခွင် မှန်ကန်မှု ရှိ/ မရှိတို့ကို ကြည့်ရှုစစ်ဆေးကာ စားသုံးသူပြည်သူလူထု အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ရောင်းချနေသည့် သား/ငါးများနှင့် ဟင်းသီးဟင်းရွက်များ သန့်ရှင်းလတ်ဆတ်မှု ရှိစေရေး၊ ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး၊ နေ့စဉ် ဈေးရောင်းပြီးချိန်တိုင်း သန့်ရှင်းရေးမပြတ် ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားရှိသည့် ဈေးစည်းကမ်းများကို အလေးထား လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ပြည်သူများအတွက် သား/ငါးများ ဝယ်ယူစားသုံးရာ၌ သက်သာသော ဈေးနှုန်းဖြင့် တစ်ပြေးညီ ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့မဈေးအပါအဝင် ကုန်းဇောင်းကျေးရွာ၊ ရှောက်တောကျေးရွာ၊ ကျောင်းတော်ရာကျေးရွာနှင့် လယ်ကိုင်းကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေး (၄) ခုတို့တွင် ဖွင့်လှစ်ရောင်းချနေသည့် သား/ငါး ဈေးသည်များကို ရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက်များ ပါဝင်သည့် ဗီနိုင်းဆိုင်းဘုတ်များချိတ်၍ စနစ်တကျရောင်းချခွင့်ပြုလျက်ရှိသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )