ပုလောမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်

ပုလော ဇန်နဝါရီ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများအား ဘက်စုံသားဖွားဆရာမ ဒေါ်ဆုမွန်ကျော်က တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်း စီမံချက်ပါအကြောင်းအရာများကို ဟောပြောခဲ့ပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား ချောင်းဆိုးနေတာ (၂)ပတ်ကျော်ကြာ ချောင်းဆိုးခြင်း၊ ချောင်းဆိုးရင် သွေး၊ သလိပ်ပါခြင်း၊ တငွေ့ငွေ့ဖျားပြီး ညဘက် ချွေးအလွန်ထွက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန် လျော့ကျသွားခြင်း၊ ကျော(သို့) ရင်ဘတ်အောင့်ခြင်း၊ မောပန်းလွယ်ခြင်း၊ လည်ပင်း ဂျိုင်း(သို့)ပေါင်ခြံမှာ အကြိတ်ထွက်ခြင်း စသည်တို့ ရှိ/မရှိ စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။

အလားတူ နေ့လယ် ၁ နာရီအချိန်၌ ပုလောမြို့ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းသို့  ကွင်းဆင်း၍ တီဘီရောဂါ အရှိန်အဟုန်ဖြင့် ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစီမံချက်အတိုင်း ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)