ပလောက် ဇန်နဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊နန်း တောင်ကျေးရွာအမကကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်း(နန်းတောင်) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်ဖွင့်ပွဲ အခမ်းအနား၌ အုပ်စုမှူး ဆရာကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးစုံညီပွဲတော်၏ ရည်ရွယ်ချက်နှင့် ပညာရေး၏တန်ဖိုးများ၊ ကျောင်းဘက်စုံဖွံ့ဖြိုးစေရေးအတွက် ကျောင်းသားမိဘများက ဝိုင်းဝန်းပံ့ပိုးပူးပေါင်းကြရန် လိုအပ်ကြောင်းတို့ကို ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်းဖြူပြာလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ်အတွင်း မူလတန်းအဆင့်မှ ကျောင်းသူ၊ ကျောင်းသားများအား ပလောက်တပ်နယ်မှူးနှင့် တပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူလေးများက အကဖွဲ့အလိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)