စစ်ကိုင်းမြို့တွင် Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်းဖွင့်လှစ်ပို့ချ

စစ်ကိုင်း ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ စစ်ကိုင်းမြို့တွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က စစ်ကိုင်းမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအသိပညာများ သင်ကြားပေးနိုင်ရေးအတွက် ဥပ‌ဒေပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ကြသည့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်သင်ကြားပေးနိုင်ရေးအတွက် သင်တန်းတွင် ပို့ချပေးမည့် ဥပဒေပညာဘာသာရပ်များကို လေ့လာမှတ်သားသင်ယူကြရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြား သည်။

ထို့နောက်စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူး ဦးရဲထွဋ်က ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းတွင် စစ်ကိုင်းခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းတွင် စစ်ကိုင်းမြို့ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၂၄၆)ဦး တက်ရောက်ကြပြီး သင်တန်းကို ဇန်နဝါရီလ (၁၁၊ ၁၂၊ ၁၈၊ ၁၉)ရက်များတွင် (၄)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                                                     

နေလင်းအောင်(ပြန်/ဆက်)