ငဖဲ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ထမ်းများအား သင်ကြားသင်ယူမှု စွမ်းရည်တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အလယ်တန်းအဆင့် (Grade-9) သင် ဆရာ/ဆရာမများအား ဘာသာရပ်အလိုက်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းက ကျောင်းသား/ကျောင်းသူများအားလုံး၏ ပညာရည်မြင့်မားရေးကို နိုင်ငံတော်၊ ပညာရေးဌာနနှင့် မိဘများအားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ သင်ကြားမည့်ဘာသာရပ်အလိုက်သင်ခန်းစာများအား ဆွေးနွေးပေးခြင်းအားဖြင့် ဆရာ/ဆရာမများ၏ သင်ကြားမှုစွမ်းရည်တိုးတက်မြင့်မားလာပြီး ကျောင်းသား/သူများနားလည်မှုစွမ်းရည် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ဆရာ/ဆရာမများအနေဖြင့် စိတ်ပါဝင်စားစွာဆွေးနွေးသွားကြစေလိုကြောင်းနှင့် သင်တန်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းတွင် တာဝန်ခံနည်းပြဆရာကြီး/ဆရာမကြီးများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းဆင့်သင် ဆရာ/ဆရာမ(၇၅)ဦးနှင့် အလယ်တန်းဆင့်သင်(၉၀)ဦး စုစုပေါင်း (၁၆၅)ဦးအား သင်ရိုးညွှန်းတမ်းများအရ ဘာသာရပ်အလိုက် ဆွေးနွေးပို့ချလျက်ရှိကာ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၄)ရက်ကြာ ဖွင့်လှစ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)