ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်

ကန့်ဘလူ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၏ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ် တပို့တွဲလဆန်း ၁၁ ရက်မှ လပြည့်ကျော် ၁ ရက်(ဖေဖော်ဝါရီ ၈ ရက် မှ ၁၃ ရက်ထိ)နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

ထို့သို့ပြုလုပ်ရာတွင် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍ အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ငါးရက်တိုင်တိုင်ကျင်းပ၍ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပဌာန်းသိမ်းအောင်ပွဲပြုလုပ်မည်ဖြစ်သည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၅ နာရီတွင် မဟာရွှေစည်ကြီးစေတီတော်လှိုင်ဂူအတွင်း ဘုရားအနေကဇာ တင်လှူပူဇော်ခြင်း၊ ပင့်သံဃာအပါး ၂၅၀ တို့အား ဆွန်းဆန်စိမ်း လောင်းလှူခြင်း၊ ရေစက်ချမင်္ဂလာအခမ်းအနားပြုလုပ်ခြင်း၊ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စတုဒီသာကျွေးမွေးခြင်းနှင့် ညနေ ၆ နာရီ၌ စေတီတော်ကြီးနှင့် ရုပ်ပွားတော်များအား ဆီမီးထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)