ကြံခင်းမြို့(အ.ထ.က-၂)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.ထ.က-၂)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား/သူလေးများက ကမ္ဘာ့အဆင့်မှီပညာရေး”သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သော အနာဂတ်ခေါင်းဆောင်များစွာ ပေါ်ထွန်းလာစေရေးအတွက် ထူးချွန်သူများကို ချီးမြှင့်တဲ့ ပွဲလေးဖြစ်သဖြင့် ဆုရရှိသူများအတွက် ဂုဏ်ယူပါကြောင်း ပြောကြားပြီးနောက်၊ (အ.ထ.က-၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး  ရှင်းလင်းပြောကြားပါသည်။

ထို့နောက်အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးကျော်မျိုးအောင်က (အ.ထ.က-၂)ကျောင်း၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်ရေးနှင့်ပတ်သက်၍ ပြောကြားပြီးနောက် ကာယ၊ ဉာဏဆုများချီးမြှင့်ရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းအဆင့်(အဆို၊ အက)ပြိုင်ပွဲအထူးဆုနှင့် ခရိုင်၊ မြို့နယ်အဆင့်တို့၌ (အဆိုနှင့်အက) ပြိုင်ပွဲ  ပထမဆုရရှိကြသော(Grade-10)ကျောင်းသူ မဝတ်ရည်ကေခိုင်နှင့် (Grade-11)ကျောင်းသူ မနှင်းသန့်ဇော်တို့အား လည်းကောင်း၊ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ပုံပြောနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲတို့တွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိကြသော ကျောင်းသား/သူ(၅)ဦးအားလည်းကောင်း၊   မြို့နယ်အဆင့်နှင့် ကျောင်းတွင်း (ထက်၊ လယ်၊ မူ)အားကစားပြိုင်ပွဲများတွင် ဆုရကျောင်းသား/သူ(၃၆)ဦးအားလည်းကောင်း၊ မြို့နယ်အဆင့်နှင့် ကျောင်းတွင်းဉာဏပြိုင်ပွဲတို့တွင်(ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိကြသော ကျောင်းသား/သူ(၆၃)ဦးအားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်  ထူးချွန်စွာအောင်မြင်ကြသော တစ်ဘာသာဂုဏ်ထူးရှင်(၄)ဦးနှင့် ထူးချွန်ဆုများရရှိအောင် သင်ကြားပြသပေးသော ဆရာ/ဆရာမများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ (အ.ထ.က-၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းနှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများတက်ရောက်ကြကြောင်းနှင့်(အ.ထ.က-၂‌) ကျောင်းသား/သူများ၏ ပဒေသာအက၊ အလှများဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)