ပလောက်မြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ပလောက် ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အခြေခံပညာအထက်တန်း ကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီဖွင့်ပွဲအခမ်းအနား၌ ပလောက်တပ်နယ်မှူးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးစုံညီပွဲတော်၏ ရည်ရွယ်ချက်နှင့် ပညာရေး၏တန်ဖိုးများ၊ ကျောင်းဘက်စုံဖွံ့ဖြိုးစေရေးအတွက် ကျောင်းသားမိဘများက ဝိုင်းဝန်းပံ့ပိုးပူးပေါင်းကြရန် လိုအပ်ကြောင်းတို့ကို ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီက ပညာရေးစုံညီပွဲတော် ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွင်း ကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ ကျောင်းကျန်းမာရေးနေ့၊ စာပေဘာသာ (အင်္ဂလိပ်/သင်္ချာ) ထူးချွန်ဆုရရှိခဲ့ကြသည့် အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့်မှ ကျောင်းသူ၊ ကျောင်းသားများ၊ ထူးချွန်ဆရာ/ ဆရာမများအား ပလောက်တပ်နယ်မှူးနှင့် တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသူ၊ ကျောင်းသားလေးများက အကဖွဲ့အလိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)