ထားဝယ် ဇန်နဝါရီ ၁၁
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွက် ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်း၍ ရရှိခဲ့သော အခြေအနေ၊ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ခွဲဝေပေးမည့်ဘဏ္ဍာငွေနှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေများ သုံးစွဲမှုများအပေါ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်မှု များပြားခဲ့ကြောင်း၊ လျှပ်စစ်ကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ မြို့ရွာစည်ပင်ဖွံ့ဖြိုးသန့်ရှင်းသန့်ရပ်လှပစေရေး ပါဝင်ကြောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြတောင်းခံထားသည်များရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်သည့်အခါတွင် သတ်မှတ်ထားသည့်စံချိန်းစံညွှန်းများနှင့်အညီ သတ်မှတ်ထားသည့်ရက်အတွင်း အချိန်မီပြီးစီးအောင် လုပ်ကိုင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိဒေသ၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တစ်ခုတည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်၍ မရသောကြောင့် ဌာနဆိုင်ရာများနှင့်ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်မှသာ လုပ်ငန်းအောင်မြင်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ဆောင်ရွက်နေဆဲလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်