မင်းလှမြို့နယ်၌ စားသောက်ကုန်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

အထက်မင်းလှ ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဇေယျာသီရိဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်များ၊ ဆေးဆိုင်များ၊ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊  ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍  ယမန်နေ့ နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာ၌ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများရောင်းချခြင်း ရှိ၊ မရှိနှင့် စားသောက်ကုန်ဆိုင်များ၊ အလှကုန်ဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန်နှင့် အလှကုန်များ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော ပစ္စည်းများ ရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့်ခြင်း၊ အသိပညာပေးဆွေးနွေးခြင်းနှင့် ဆေးဝါး၊ ဆေးပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်များ ဈေးကွက်နမူနာကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

ဇာဇာ(အထက်မင်းလှ)