အထက်မင်းလှ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မယ်ဇလီတောကျေးရွာတွင် သောက်ရေသန့်ထုတ်လုပ်ဖြန့်ချိနေမှုအား သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်မှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက မြို့နယ်အဆင့် ကပ်ရောဂါအသွင်ဖြစ်ပွားတတ်သော ရောဂါများကာကွယ်ထိန်းချုပ်ရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ကပ်ရောဂါအသွင်ဖြစ်ပွားတတ်သော ရောဂါများ ကာကွယ်ထိန်းချုပ်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်အဆင့်ကပ်ရောဂါအသွင်ဖြစ်ပွားတတ်သော ရောဂါများ ကာကွယ်ထိန်းချုပ်ရေးဦးစီးကော်မတီအတွင်းရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ၊ ဦးစီးအရာရှိ(ဆေးဝါ) ဒေါ်သဲဦးဗိုလ်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းအဖွဲ့က သောက်ရေသန့်ထုတ်လုပ်ရာတွင် သတ်မှတ်ချက်နှင့်အညီ သန့်ရှင်းသော၊ အရည်အသွေးပြည့်ဝသော သောက်သုံးရေဖြစ်ရန်၊ သောက်ရေသန့်ထုတ်လုပ်မှုအဆင့်ဆင့် စီမံဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်အနေဖြင့် သောက်ရေသန့်ထုတ်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)