မင်းဘူး ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကျွဲတဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ကလေးအလုပ်သမားဟူသည် ကလေးဘဝရှေးလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေကာ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့် အလုပ်မျိုးကို လုပ်ကိုင်နေသူများဖြစ်ကြောင်း၊ ကလေးအလုပ်သမားဖြစ်ခြင်းသည် ပညာသင်ကြားခွင့်မရနိုင်ကြခြင်း၊ ကလေးအလုပ်သမားအသက်အရွယ်အပိုင်းအခြား စသည်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ခင်းကျင်းပြသရာ တက်ရောက်သော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)