ဘားအံ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၏သာယာလှပသည့် ရေ၊မြေ၊တော၊တောင်သဘာဝရှုခင်းများ၊ လှိုဏ်ဂူများ၊ ရေတံခွန်၊ စိမ့်စမ်းများ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရာသီအလိုက်ပွဲတော်များနှင့် အရင်းအမြစ်အခြေခံကောင်းများပေါကြွယ်ဝမှုတို့ကြောင့် ခရီးသွားလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်းယနေ့နံနက် ၉ နာရီက ဘားအံမြို့၊ ကန်သာဦးခန်းမ၌ ကျင်းပသည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း(၃)မျိုးဆင်းပွဲမှ သိရသည်။
တိုးတက်လာသည့်ခရီးသွားလုပ်ငန်းနှင့်အညီ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအား ကောင်းမွန်သည့် ဝန်ဆောင်မှုကောင်းများစနစ် တကျ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယခုသင်တန်းကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းမှရရှိသည့် သင်ခန်းစာ၊ ဗဟုသုတ၊ အတွေ့ အကြုံများကို မိမိတို့လုပ်ငန်းခွင်တွင် အကျိုးရှိရှိပြန်လည်အသုံးချပြီးပြည်နယ်၏ ဂုဏ်ကိုတိုးတက်စေမည့်ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှုအရည်အသွေးကောင်းများ ပေးစွမ်းနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း သင်တန်းဆင်းအမှာစကားပြောကြားသည်။
ပြည်နယ်၏ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ(၁)ရက်နေ့ထိ ဟိုတယ်နှင့် တည်းခိုရိပ်သာ (၄၉)လုံး၊ အိပ်ခန်းပေါင်း (၁၆၇၃)ခန်းရှိခဲ့ရာမှ ယခုအခါ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၆၀)လုံး၊ အိပ်ခန်းပေါင်း(၂၁၅၉)ခန်းရှိသည့်အတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်မှု ၂၂ ဒဿမ ၄၅ ရာခိုင်နှုန်းတိုးတက်လာပြီး ခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြည်တွင်း ပြည်ပခရီးသွားလေးသိန်းနှစ်သောင်းကျော်ဝင်ရောက်ခဲ့ကာ ၂၀၂၄ ခုနှစ် (၁၁)လ တာကာလအတွင်း ခရီးသွားလေးသိန်းငါးသောင်းကျော်လာရောက်လည်ပတ်သည့်အတွက် ၁၀၀ ရာခိုင်နှုန်းကျော် တိုး တက်သကဲ့သို့ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ဝင်ငွေရရှိမှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင်ငွေကျပ် ၉၉၅၀ ဒဿမ ၇၀ သိန်း ရရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ငွေကျပ် ၄၇၆၁၉ ဒဿမ ၁၈ သိန်းအထိ ရရှိခဲ့သည့်အတွက် ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက် ရရှိခဲ့သည်ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွှန့်လင်းနှင့် တာဝန်ရှိသူများက ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာဧည့်ခံကျွေး မွေးရေးသင်တန်းတို့တွင် သင်တန်းထူးချွန်ဆုရရှိကြသူများ၊ နည်းပြများအားဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၉၈ ဦး သင်တန်းဆင်းခဲ့ကြကာ အဆိုပါသင်တန်းအား ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၀ ရက်နေ့ထိ ရက်သတ္တပတ် ၄ ပတ်ကြာဖွင့်လှစ် သင်ကြားခဲ့ကြောင်းနှင့် ပြည်နယ်၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင် ခရီးသွားမြို့တော်ဖြစ်စေရေး၊ ပန်းပေါင်းဝေဆာသာယာလှပစေရေး သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)