ဟားခါးမြို့၌ ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ပေးမှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အထွေထွေ ဗဟုသုတဆိုင်ရာပြိုင်ပွဲကျင်းပ

ဟားခါး ဇန်နဝါရီ ၁၀

ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ပေးမှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အထွေထွေဗဟုသုတဆိုင်ရာပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးခမ်လျန်ဆုမ်းက ယနေ့ကျင်းပပြုလုပ်သည့် အထွေထွေဗဟုသုတဆိုင်ရာပြိုင်ပွဲသည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ၊ ချင်းပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်များအနေဖြင့် အထွေထွေဗဟုသုတကြွယ်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၊ ယနေ့ကျင်းပသည့် အထွေထွေဗဟုသုတ ဆိုင်ရာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ လွတ်လွတ်လပ်လပ်နှင့် ပျော်ပျော်ရွှင်ရွှင် ပါဝင် ယှဉ်ပြိုင်ကြရင်း မေးခွန်းများ မှန်ကန်စွာဖြေဆိုနိုင်သည့်သူများက ဆုငွေကို ချက်ချင်းလက်ငင်း ရရှိ ကြရမည်ဖြစ်သကဲ့သို့ ဆုမရရှိသည့်သူများအနေဖြင့်လည်း အထွေထွေဗဟုသုတများ ရရှိလာမည်ဖြစ် ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် အထွေထွေဗဟုသုတဆိုင်ရာပြိုင်ပွဲ စတင်လုပ်ရာ ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အထွေထွေဗဟုသုတ မေးခွန်း(၁၀၀)ခုကို မေးမြန်းပြီး အမြန်ဆုံးနှင့် မှန်ကန်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို မေးခွန်း တစ်ခုလျှင် ဆုငွေကျပ် ၅၀၀၀ ချက်ချင်း လက်ငင်း ပေးအပ်ချီးမြှင့်သည်။

ယနေ့ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အထွေထွေဗဟုသုတဆိုင်ရာပြိုင်ပွဲတွင် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်း ကျောင်း (၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၄၀) ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)