လေးမျက်နှာ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အ.ထ.က လေးမျက်နှာကျောင်းတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်း၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ချိုချိုလှိုင်တို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ထို့နောက်တိုင်းဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်း၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ခရိုင်ပညာရေးမှူး ဦးတိုးဝင်းတို့မှ ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့၊ ကရင်ဒုံးယိမ်းအကအဖွဲ့နှင့် ဝါးညှပ်အကအဖွဲ့စသည့် ကူညီအားဖြည့်ကြသည့် အကအဖွဲ့တို့အား ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် စာအုပ်စာစောင်ပြပွဲ၊ လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်းနှင့် ဖွံ့ဖြိုးဝေစည် ဧရာဝတီပြိုင်ပွဲဝင် ဓာတ်ပုံပြခန်း၊ အခြေခံပညာဦးစီးဌာနမှ သင်ထောက်ကူပြခန်း၊ မီးသတ်ဦးစီးဌာန ပြခန်း၊ ကျန်းမာရေးပြခန်းတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ပြုလုပ်ရာ အ.ထ.က အိုင်သပြုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက“အလှဆုံးပန်းများ ပွင့်ကြပြီ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပခြင်းသည် စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်တဲ့ အလေ့အထမှ အလေ့အကျင့်ဖြစ်ပေါ်လာစေရန် စာကြည့်တိုက်ယဥ်ကျေးမှုထွန်းကားစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပွဲတော်ကျင်းပရခြင်းဖြစ်ပါသည်။ မိမိတို့နိုင်ငံရဲ့အမျိုးသားရေး ရည်မှန်းချက် အောင်မြင်စေဖို့နှင့်ကမ္ဘာနဲ့ယှဥ်ပြိုင်နိုင်စေရန် ဖွံဖြိုးတိုးတက်ပြီး သာယာဝပြောသော လူ့ဘောင်ဘဝအောင်မြင်စေရန် ရည်ရွယ်၍ ယခုလိုစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြင်ပြော၊ ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးတို့က အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက သီချင်းများဖြင့် ကပြဖျော်ဖြေကာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)