ဒေးဒရဲ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ပြည့်စုံနိုင်စေရေးနှင့် နှုတ်မှုစွမ်းရည် တိုးတက်စေရေးတို့အတွက် ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လိုက်နာရမည့်အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ဟောပြောပွဲအပြီးတွင် အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များအား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)