ဂန့်ဂေါ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်ကစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းသား/ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပညာရေးစုံညီပွဲတော် ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျောင်းကော်မတီဝင်များ၊ ကျောင်းသား မိဘများနှင့် ရပ်မိရပ်ဖများအား ကျေးဇူးတင်အမှာစကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည် ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ကျောင်းတွင်း ပညာရည်ချွန်ဆု ရရှိသူများအား တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်း၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှကျောင်းအုပ် ဆရာမကြီး ဒေါ်နွယ်နီဝင်း၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ငွေသားဆုများ(၈၅)ဆုကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းသား/ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်း၊ “ရန်ကုန်သားလေးကျွန်တော်” သီချင်း၊ “အခြေခံကဗျာလွတ်အက”၊ “ချစ်လိုက် တော့ 123 ” သီချင်း၊ “ရွှေဘိုသနပ်ခါး” သီချင်း၊ “ပြည်ထောင်စုကြီးထာဝရတည်တံ့စေသား” သီချင်း၊ ငြိမ်းချမ်းတဲ့ နိုင်ငံ” သီချင်း၊ “ချင်းရိုးရာအက”၊ “နွယ်တော်ဂျိမ်းဖောအက”၊ “ ပြည်ထောင်စုအင်အား” စသည့်သီချင်းများဖြင့် တေးသရုပ်ဖော်၊ အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နွယ်နီဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်း (မြို့မ)မှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့အတူ ၁၁-၁-၂၀၂၅ ရက်နေ့တွင်လည်း အဆိုပါ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ပညာရေးစုံညီပွဲတော်နှင့် ကာယ/ဉာဏထူးချွန်ဆု(၉၉)ဆုအတွက် ဆုပေးပွဲအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)