လေးမျက်နှာ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကြီးပေါက်ကုန်းအုပ်စု၊ ဒေါင့်ကွေးကျေးရွာသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို လေးမျက်နှာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ စာရင်းဇယားဖြည့်သွင်းထားရှိမှုပုံစံများ စီမံကိန်းချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားသောစိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဝေဝေ(လေးမျက်နှာ)