ဘိုကလေးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ မောင်မယ်များ အသိပညာတိုးပွားရေး ဟောပြောပွဲနှင့်ပြပွဲဆောင်ရွက်

ဘိုကလေး ဇန်နဝါရီ ၁၀

ကျောင်းသား/သူ၊ လူငယ်၊ မောင်မယ်များ အသိပညာတိုးပွားရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၁၀)နာရီခွဲအချိန်တွင် ဘိုကလေးမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ ကွင်းဆင်း၍ ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် ကျောင်းသား/သူ၊ လူငယ်၊ မောင်မယ်များအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က တိုးတက်၍ စည်းကမ်း ပြည့်ဝသော နိုင်ငံတော်ကြီးတည်ထောင်ဖို့အတွက် အရည်အသွေးပြည့်ဝသော လူငယ်၊ မောင်မယ်များ၏ကဏ္ဍသည် အရေးပါကြောင်း၊ လူငယ်၊ မောင်မယ်များ အရည်အသွေးပြည့်ဝ အသိဉာဏ်ကြွယ်ဝဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်မှာ စာများများ ဖတ်ရှုလေ့လာကြရန် လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးက ကျန်းမာပျော်ရွှင်သော လူငယ်မောင်မယ်များဖြစ်တည်ရေး ရွေးချယ် စားသောက်ရမည့် စားသုံးမှုပုံစံများ၊ ရှောင်ရှားရမည့် ဆိုးဆေးများနှင့် ဆေးဝါးများ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲများအပြီး၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူ၊ လူငယ်မောင်မယ်များ၏ အသိပညာတိုးပွားရေးကို အထောက်အကူပြုသည့် ကဏ္ဍစုံ နံရံကပ်စာစောင်များ၊ ဓာတ်ပုံများ၊ စာအုပ်၊ စာပေများအား ခင်းကျင်းချိတ်ဆွဲပြသရာ ကျောင်းသား/သူများကလည်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)