ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲကြီးသီးနှံ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့

ပွင့်ဖြူ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ပဲကြီးသီးနှံစိုက်ပျိုးမှုအား လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံ စိုက်ပျိုးမှုအနေဖြင့် မတ်ပဲ ၁၃၂ ဧက၊ ပဲကြီး ၃၆၉၇ ဧက၊ ပဲကြား ၃၉၁ ဧက၊ စားတော်ပဲ ၃၁၈၅ ဧက၊ ကုလားပဲ ၂၁၈၄၃ ဧက၊ ပဲလွမ်း ၃၂၃၂ ဧက၊ ပဲနောက် ၄၁၈ ဧက၊ ပဲယင်း ၂၁၄ ဧက၊ ထောပတ်ပဲ ၇၇၃၂ ဧက၊ အခြားပဲသီးနှံ ၉၅၆ ဧက၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၄၁၈၀၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ  ဒေသခံတောင်သူများက ပဲမျိုးစုံသီးနှံ လျာထားစိုက်ဧက ပြည့်မီရေးအတွက် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစပြီး စိုက်ပျိုးခဲ့ကြောင်း ၊ အဆိုပါ ပဲမျိုးစုံသီးနှံများတွင် ပဲကြီးသီးနှံအား ၄၈၂၂ ဧက စိုက်ပျိုး နိုင်ခဲ့သဖြင့် လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ဒီနှစ် ဆောင်းသီးနှံရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲမျိုးစုံသီးနှံ ၄၁၈၀၀ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့ထိ ဧက ခြောက်သောင်းကျော် စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ ပဲမျိုးစုံသီးနှံများတွင် ပဲကြီးသီးနှံစိုက်ပျိုးမှုကို လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ လက်ရှိမှာ စိုက်ပျိုးပြီးစီးတဲ့ ပဲကြီးသီးနှံစိုက်ခင်းများကို အထွက်နှုန်း ကောင်းမွန်ရေးအတွက် ဒေသခံတောင်သူတွေကို စိုက်ပျိုးရေး သွင်းအားစုတွေ အချိန်ကိုက် စနစ်တကျ သုံးစွဲကြဖို့၊ ပိုးမွှားမကျရောက်အောင် ကြိုတင်ကာကွယ်နှိမ်နင်းကြဖို့စတဲ့ တောင်သူပညာပေးလုပ်ငန်းများကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်နေပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။  

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲကြီးသီးနှံအပါအဝင် ပဲမျိုးစုံသီးနှံစိုက်ပျိုး တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရေးနှင့် အရည်အသွေးပြည့်ဝသော သီးနှံများ ထွက်ရှိရေးအတွက် စိုက်နည်းစနစ် မှန်ကန်အောင်၊ ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင်၊ သဘာဝမြေဩဇာနှင့် သဘာဝဆေးများ စနစ်တကျ ထုတ်လုပ်သုံးစွဲတတ်အောင် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်း၊ တောင်သူပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးကွင်းသရုပ်ပြပွဲများ ပြုလုပ်ပေးခြင်း စသည့် တောင်သူပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ စပ်ဆက်ဌာနများနှင့် ပူးပေါင်း၍ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )