မုံရွာ ဇန်နဝါရီ ၁၀
မုံရွာတက္ကသိုလ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ပူးပေါင်းပြီး မုံရွာတက္ကသိုလ်မှ ဦးဆောင်ကာ မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာ၊ ဆရာမများအတွက် သင်ကြားမှု၊ သင်ယူမှု ပိုမိုထိရောက်စေရန် ရည်ရွယ်ပြီး အခြေခံပညာ အထက်တန်းဆင့် (Grade-12) ဆရာ/ ဆရာမများ အရည်အသွေးမြင့်မားရေးစွမ်းရည်မြှင့် ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာမုံရွာတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(စီမံ) ဦးဟန်တင်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး နည်းပြများကိုယ်စား မုံရွာတက္ကသိုလ်မှ ရုပ်က္ခဗေဒဌာန ပါမောက္ခဌာနမှူးဆရာမကြီး ဒေါက်တာပြုံးရီက သင်တန်းသား/သူများကို သင်ကြားသင်ယူမှုနှင့်ပတ်သက်၍ လိုအပ်သည်များကို မှာကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါအခြေခံပညာအထက်တန်းဆင့် (Grade-12) ဆရာ/ ဆရာမများ အရည်အသွေး မြင့်မားရေးစွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်းသို့ မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာဆရာမများ (၂၇၅)ဦးတက်ရောက်ခဲ့ပြီး မုံရွာတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူး အဆင့်မြင့်ဆရာကြီး၊ ဆရာမကြီး(၁၈)ဦးက ဘာသာရပ်အလိုက် သင်ခန်းစာများကို ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်၍ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)