ကန့်ဘလူ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ညောင်အိုင်၌ ပညာရည်ချွန်ဆုနှင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီခွဲက အဆိုပါကျောင်း ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အ.ထ.က(ခွဲ)ညောင်အိုင်မှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံ ညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုးက အမှာစကားပြောကြားသည်။
ဆက်လက်၍ အ.ထ.က(ခွဲ)ညောင်အိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက ယခုလို ဆရာ၊ မိဘ၊ ကျောင်းသား ပညာရေးမိသားစုများ စုံညီတွေ့ဆုံချိန်မှာ မိဘအုပ်ထိန်းသူများအားလုံးကို မိမိတို့၏ သားသမီးများ ကျောင်းတက်မှန်ကန်ရေး၊ ပညာတော်၍ ကျောင်းနေပျော်ပြီး၊ ကျန်းမာကြံ့ခိုင်ရေး၊ စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်မှ အားထားရသော သားသမီးများဖြစ်လာစေရေးကို ဝိုင်းဝန်းကူညီကြရန်လိုကြောင်း၊ ဆရာ/ဆရာမများကလည်း မိမိတို့တာဝန်ကျေပွန်စွာနဲ့ လိမ္မာသော၊ စာတော်သော ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာရန် မိမိတို့တတ်ကျွမ်းသောပညာနှင့် လေ့ကျင့်ပျိုးထောင်ပေးကြရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လည်း မိဘ၊ ဆရာများရဲ့ ဆုံးမသွန်သင်မှုကိုနာခံပြီး ကျန်းမာရေးအသိ၊ လုံခြုံရေးအသိ အမြဲရှိပြီးစာတော်၊ လူတော်၊ ဘက်စုံတော်သော ကျောင်းသားများအဖြစ် ကြိုးစားသင်ကြားနာယူကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ယှဥ်ပြိုင်မှုတွင် တိုင်းဒေသကြီးအဆင့် ပထမဆုရရှိသော Video Clip အား ပြသသည်။ ယင်းနောက် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၏ ပညာရည်ချွန်ဆု၊ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်ကျောင်းတွင်း စာပေဆု၊ လူရည်ချွန်ဆု၊ သင်္ချာ၊ အင်္ဂလိပ်စာထူးချွန်ဆု၊ အားကစားဆုများနှင့် အတန်းစဥ်လိုက် ဆုရရှိကြသူများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ကြသည်။
ယင်းနောက် အ.ထ.က(ခွဲ) ညောင်အိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အက၊ သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ အဆိုပါ ပညာရေးစုံညီပွဲတော်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆု ၄၉ ဆု၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းတွင်းစာပေဆု ၇၉ ဆု၊ လူရည်ချွန်ဆု ၅ ဆု၊ သင်္ချာနှင့် အင်္ဂလိပ်စာထူးချွန်ဆု ၂၀ ဆု၊ ကျောင်းတွင်းအားကစားဆု ၈၄ ဆု စုစုပေါင်း (၂၃၇) ဆုကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)