ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ်ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ်ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ဥဿာပြည်သူ့အငှားအိမ်ရာ၌ နေထိုင်သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် အခြေခံစားသုံးကုန်များ၊ ကြက်၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဝယ်ယူစားသုံးသူများသည် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများဖြစ်၍ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသည့်စကားအတိုင်း အသား/ငါး/ဥနှင့် ဟင်းသီးဟင်းရွက်များအား အကျိုးပြုသည့် ဗီတာမင်အုပ်စုအလိုက် ခွဲခြားရောင်းချသွားရန်နှင့် ရောင်းချသည့် အသား/ငါး/ဥနှင့် ဟင်းသီးဟင်းရွက်များတွင်ပါဝင်သည့် အာဟာရဓာတ်များအား သိရှိနိုင်စေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာသီရိဈေးအပေါ်ထပ်၌ MSMEs ထုတ်ကုန်များအရောင်းစင်တာသို့ ရောက်ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ထွက်ရှိလာသည့် ဒေသထွက်စားသုံးကုန်များ၊ လူသုံးကုန်များ၊ တိုင်းရင်းဆေးဝါးများ၊ စားဖိုဆောင်သုံးပစ္စည်းများ၊ လယ်ယာသုံးကိရိယာများအား တစ်နေရာတည်း ဝယ်ယူ/ရောင်းချနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်၍ ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှစ၍ နေ့စဉ်ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေး ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး အဓိကအခြေခံစားသုံးကုန်များ ကုန်စည်ဒိုင်ဈေးနှုန်းအတိုင်း ရောင်းချပေးရန်၊ သန့်ရှင်းလတ်ဆတ်မှုနှင့် အစားအစာ ဘေးကင်းလုံခြုံရေးအား ဦးစားပေးစစ်ဆေးသွားရန်နှင့် ဈေးများအတွင်း အစဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)