ကလိန်အောင် ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့ နွှဲပျော်တေးသီချင်းဖြင့် သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ရာဖူးကျေးရွာ ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ရာဖူးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိန်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရည်ချွန်ဆုပေးပွဲကို ကျင်းပရာ ၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိန်၊ ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဆုများချီးမြှင့်ပေးအပ်ကြသည်။
ယင်းနောက် ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများနှင့် မွန်ရိုးရာအကပဒေသများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)