လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သို  ဇန်နဝါရီ  ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက်  ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကမ္ဘာ့နိုင်ငံအများအပြားတွင် ကြုံတွေ့နေရသော ကလေးအလုပ်သမား ပြဿနာများအကြောင်း၊ ကလေးအလုပ်သမားဖြစ်စေသည့် အကြောင်းအရင်းများ၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဥပဒေများ၊ အခွင့်အရေးများအကြောင်းကို ပညာပေးဟောပြောခဲ့သည်။

 ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသထားသော ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလုပ်ရှင်များအတွက် ကလေး သူငယ်အခွင့်အရေးဆိုင်ရာအခြေအနေများ စသည့်အသိပညာပေးအကြောင်းအရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်