ကျွန်းစုမြို့တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က ကျွန်းစု ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးဝင်းက ပညာရေး စုံညီပွဲတော် ကျင်းပရခြင်းနှင့် တစ်နှစ်တာ ကျောင်းလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တနင်္သာရီရေတပ်စခန်း ဌာနချုပ်၊ ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးကြီး မျိုးဟိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက  တစ်လိမ်နှစ်လိမ်၊ ချင်းရိုးရာ ချင်းတောင်တန်းမှ ကြိုဆိုပါ၏၊ ဂျိမ်းဖော၊ လှလိုက်တဲ့တနင်္သာရီ၊ ပြည်ထောင်စုကြီးထာဝရတည်တံ့စေသား၊ စသည့်သီချင်းများနှင့် အနုပညာစွမ်းရည် အကအလှများဖြင့် ဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသည့် ပရိသတ်များက ကြည့်ရှုအားပေးခဲ့ကြကာ ဆုတော်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)