ထန်းတပင်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်

ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအသိ/မီးဘေးသတိရှိစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့သည်။

အဆိုပါ မီးဘေးအသိ/မီးဘေးသတိရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေလင်းဦးနှင့်ဝန်ထမ်းများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးကိုစနစ်တကျအသုံးပြုရေး မီးကြွင်းမီးကျန်များမရှိစေရေး လျှပ်စစ်မီးအသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ လျှပ်စစ်မီးများသုံးစွဲရာတွင် ခံနိုင်ဝန်ထက်ပိုမိုအသုံးမပြုစေရေး၊ လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များ ထမင်းဟင်းများချက်ပြုတ်ရာတွင် လိုက်နာရမည့်အချက်များ၊ စားသောက်ဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ရေးပစ္စည်းများထားရှိစေရန်စသည့်အချက်များကို ပြည်သူများသိရှိလိုက်နာဆောင်ရွက်သွားကြရန်နှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားရန် လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)