ကျွန်းလှ၌ ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ကျွန်းလှ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဖြိုးသန့်စင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများက ကျောက်ချောလမ်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အကြံပြု ဆွေးနွေးခဲ့သည်။

ယင်းကျောက်ချောလမ်း (ရန်အောင်မင်္ဂလာကျောင်းတောင်ဘက်) အရှည် ၆၈၀၊ အကျယ် ၁၄ ပေ၊ ထု ၁၁ လက်မကို ခွင့်ပြုငွေကျပ် (၁၉ ဒသမ ၈၀၀)ဖြင့်လည်းကောင်း၊ ကျောက်ချောလမ်း ( စိန်ပန်းကုံးဘုရားမြောက်ဘက်) အရှည် ၆၅၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၁၁ လက်မကို ခွင့်ပြုငွေကျပ် ၁၈ ဒသမ ၉၀၀) ဖြင့်လည်းကောင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းများမှာ မြို့တွင်းအဓိကကျသောလမ်းများနှင့် ဆက်သွယ်ထားပြီး ကျောက်ချောလမ်း အဆင့်မြှင့်တင်ခင်းပေးခြင်းဖြင့် ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို