အထက်မင်းလှ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက ကုန်းကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၄)တွင် သင်တန်းသား ၅၀ ဦးအား ဒီဇင်ဘာ(၁၆)ရက်နေ့မှ ဇန်နဝါရီ(၁၀)ရက်နေ့အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)