အိမ်မဲမြို့နယ် အ.လ.ကရှမ်းကွင်းတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကျင်းပ

အိမ်မဲ ဇန်နဝါရီ ၁၀

လူငယ်များဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို အ.လ.က ရှမ်းကွင်းကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် ကျောင်းအုပ်ဆရာကြီး ဦးဝင်းလှိုင်စိုးတို့နှင့်အတူ Grade-9 ကျောင်းသား/သူများဖြစ်ကြသော မောင်စဟဲဗီးဟိန်း၊ မောင်စဆန်းသစ်ဦး၊ မောင်စဝေယံဖြိုး၊မ နန့်သဲစုလင်းတို့က မူးယစ်ဆေးဝါးဆိုတာ၊ မူးယစ်ဆေးဝါးသုံးစွဲမိတဲ့ အကြောင်းအရင်း၊ မြန်မာနိုင်ငံ၏လူကုန်ကူးခံရမှုအခြေအနေ၊ မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများအကြောင်း အစရှိသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက်အခမ်းအနားတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှု များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေး ပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများနှင့် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ အခမ်းအနားသို့ အ.လ.ကရှမ်းကွင်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရာက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ချစ်သက်လယ်