အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့်ပြပွဲများကျင်းပ

အိမ်မဲ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက  အ.လ.က ရှမ်းကွင်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းအကျိုး၊ စာရိတ္တအကြောင်းစသည့် ခေါင်းစဥ်များဖြင့် ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်/ဆက် ဝန်ထမ်းများက ကျောင်းသား/သူများကို သုတ၊ ရသရရှိစေမည့် စာအုပ်၊စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား /သူ များက စိတ်ပါဝင်စား စွာလေ့လာကြည့်ရှုခဲ့ကြသည်။

ထိုကဲ့သို့ အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများကို ဆောင်ရွက်ပေးခြင်းကြောင့် ကျောင်းသား/သူ လူငယ်လူရွယ်များအနေဖြင့် ပိုမို၍အသိပညာများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်