ပြည် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ Grade-5 နှင့် Grade-9 သင်ကြား/သင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကိုကိုဦးက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နော်အေးမေက မြို့နယ်အတွင်း အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ဘာသာရပ်ဆိုင်ရာ သင်ကြား/သင်ယူမှု ပိုမိုကောင်းမွန်ရေးနှင့် အခြေခံပညာမှစ၍ ကျောင်းသားလူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ဘက်စုံထူးချွန်ထက်မြက်ရေးအတွက် ဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသင်တန်းသို့ ပြည်မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် အခြေခံပညာကျောင်းများမှ အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြားရေး ဆရာ၊ဆရာမ (၄၆၅)ဦးနှင့် အလယ်တန်းအဆင့် Grade-9 သင်ကြားရေး ဆရာ၊ ဆရာမ(၁၉၈)ဦး စုစုပေါင်း (၆၆၃)ဦး တက်ရောက်ပြီး သင်တန်းတွင် ယင်းသင်ကြားရေးဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ စနစ်တကျအသုံးပြုသင်ကြားနည်း၊ စာမေးပွဲမေးခွန်းနမူနာပုံစံဖြင့် လေ့ကျင့်သင်ကြားနည်း၊ ကဗျာ၊ ဂီတ၊ ပန်းချီနှင့် ပြည်သူ့နီတိအပါအဝင် ဘာသာရပ်အစုံ၊ ကဏ္ဍစုံသင်ကြား/သင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်သင်ကြားနည်းများကို သင်တန်းကာလ ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ စာတွေ့/လက်တွေ့ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)