သနပ်ပင်မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် (Grade5/9) အရည်အသွေးမြှင့် ဆွေးနွေးပွဲ သင်တန်းအခမ်းအနား ကျင်းပ

သနပ်ပင် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် (Grade5/9)သင်ကြားပေးသော ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ပေးရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်(Grade5/9) အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းကို အခြေခံပညာအထက်တန်းကျောင်း ဇီဇဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းမှူး ဦးစောဝင်းဌေး(မြို့နယ်ပညာရေးမှူး)က အဖွင့်အမှာစကားပြောကြားခြင်းနှင့်အတူ သင်တန်းသား၊ သင်တန်းသူများကို   သင်တန်းဆိုင်ရာ စည်းကမ်းများနှင့် သင်ကြားပေးသည့်အတွေ့အကြုံများကို မိမိတို့ကျောင်းသို့ရောက်ရှိသည့်အခါ  ကျောင်းအုပ်ကြီးများ၏ကြီးကြပ်မှုကိုခံယူပြီး မိဘ၊ ဆရာ၊ ကျောင်းသား(၃)ဦး ပေါင်းစပ်၍ ဟန်ချက်ညီအောင်ဆောင်ရွက်ခြင်းအားဖြင့် မူလတန်း၊ အလယ်တန်းအဆင့် သင်ကြားရေးလုပ်ငန်း အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသင်တန်းတွင် သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းသင်ပြသော သင်တန်းသား၊ သင်တန်းသူ(၂၉၂)ဦးဖြစ်ပြီး သင်တန်းနည်းပြ(၂၂)ဦးနှင့် သင်တန်းမှူး(၁)ဦး တက်ရောက်၍ ထိုသင်တန်းကို ဇန်နဝါရီလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)