အုတ်တွင်း ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းသရုပ်ပြသ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ စစ်ဆေးရာတွင် လျှပ်စစ်မီးများသုံးစွဲရာ၌ ခံနိုင်ဝန်ထက်ပိုမိုအသုံးမပြုရေး၊ ဟောင်းနွမ်းသောလျှပ်စစ်မီးကြိုး အသစ်လဲလှယ်အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များ၊ ဖယောင်းတိုင်နှင့် လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များ၊ အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့်အချက်များအား ပြည်သူများသိရှိလိုက်နာဆောင်ရွက်သွားကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများနှင့် မီးသတ်ဆေးဘူးများထားရှိစေရေးနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားပေးရန် အသိပညာပေးပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်ထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)