သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်

သနပ်ပင် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာဖွေ ဖော်ထုတ်ခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က(မူလွန်)ဘူတာပိုင်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ဘတ်စုံသားဖွားဆရာမကြီး ဒေါ်စံပါယ်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်များရှိ ကျောင်းသား၊ ကျောင်းသူများအားကွင်းဆင်း၍ တီဘီရောဂါရှိ/မရှိစစ်ဆေးခြင်း၊ တီဘီရောဂါသံသယရှိသူ ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ဓာတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ဆေးပေးခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)