ရေတာရှည်မြို့နယ်၌ ဆောင်းပဲသီးနှံမျိုးစုံအား လျာထားချက် ပြည့်မီကျော်လွန် စိုက်ပျိုးပြီးစီး

ရေတာရှည် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဆောင်းပဲသီးနှံစိုက်ပျိုး၍ ဒေသအတွင်း စားရိက္ခာဖူလုံရေး၊ တောင်သူများ စိုက်ပျိုးရေးကဏ္ဍဖြင့် ဝင်ငွေတိုးပွားရေးရည်ရွယ်၍ ယခုနှစ်ဆောင်းပဲသီးနှံမျိုးစုံ ၄၇၂၃၄ ဧကစိုက်ပျိုးနိုင်ရေးလျာထားပြီး အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ၅၅၁၈၀ ဧက လျာထားချက်ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်တွင် ဆောင်းပဲသီးနှံများဖြစ်သည့် မတ်ပဲ ၂၆၇၅၉ ဧက၊ ပဲတီစိမ်း ၁၉၇၇ ဧက၊ ပဲပုတ် ၇၈၉ ဧက၊ ကုလားပဲ ၆၅၀ ဧက၊ ပဲခြမ်း ၁၃၆၁၈ ဧက၊ ဘိုကိတ် ၇၅၀ ဧက၊ စွန်တာနီ ၈၅၁ ဧက၊ ပဲကြီး ၈၂၀ ဧက၊ အခြားပဲ ၁၀၂၀ ဧက၊ စုစုပေါင်းပဲမျိုးစုံ ၄၇၂၃၄ ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့နှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များဖြင့် စိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်များဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအရ မတ်ပဲ ၂၆၇၅၉ ဧက၊ ပဲတီစိမ်း ၂၁၃၄ ဧက၊ ပဲပုတ် ၇၈၉ ဧက၊ ကုလားပဲ ၆၅၀ ဧက၊ ပဲခြမ်း ၁၅၀၀၅ ဧက၊ ဘိုကိတ် ၆၄၆၂ ဧက၊ စွန်တာနီ ၁၅၄၁ ဧက၊ ပဲကြီး ၈၂၀ ဧက၊ အခြားပဲ ၁၀၂၀ ဧက၊ စုစုပေါင်းပဲမျိုးစုံ ၅၅၁၈၀ ဧကကို လျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးပြီးစီးခဲ့သည်။

ရေတာရှည်မြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံများလျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသော မျိုးသန့်မျိုးစေ့များ ရွေးချယ်မှုမှန်ကန်စေရေး၊ မြေဆီလွှာကောင်းမွန်အောင်ပြုပြင်ရေး၊ စိုက်နည်းများ မှန်ကန်စေရေး၊ ပိုးသတ်ဆေးသုံးစွဲနည်းစနစ်များ မှန်ကန်စေရေး၊ အပင်အားဆေးများ စနစ်တကျ သုံးစွဲတတ်စေရေးနှင့် ပိုးမွှားအန္တရာယ်ကင်းရှင်းရေးစသည့် တောင်သူများကို အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)