လှိုင်းဘွဲ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၇ အုပ်စု၊ ကွင်းပေါင်း ၈၆ ကွင်းတို့၌ နွေစပါးစိုက်ပျိုးရန်အတွက် စုစုပေါင်း(၁၉၁၇၃)ဧက စိုက်ပျိုးသွားရန်လျာထားချက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ နွေစပါးစိုက်ပျိုးကြရာတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရေမြေသဘာဝနှင့် မျိုးကွဲအလိုက် ဆင်းသုခမျိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် ၄၃၅၈ ဧကကို တောင်သူများမှ စိုက်ပျိုးစီးထားပြီးဖြစ်ကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအုပ်စုအတွင်းရှိ ရေဘုတ်ရေလှောင်တမံဆည်မှ ဆည်ရေသောက် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ထီလုံစစ်မှုထမ်းဟောင်းအိမ်ယာဥက္ကဋ္ဌဖြစ်သည့် တောင်သူဦးလှဝင်းက နွေစပါးမျိုးဖြစ်သည့် ဆင်းသုခမျိုးစပါးနှင့် YSR-1မျိုးစပါးတို့ကိုပျိုးထောင်ခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နွေစပါးစိုက်ပျိုးမှုအနေဖြင့် ယခုနှစ်တွင် မိမိတစ်ဦးတည်းမှ ဧက(၂၀)စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မိုးစပါးကိုလည်း ဧက(၂၀)ကျော် စိုက်ပျိုးခဲ့ကြောင်း၊ နွေစပါးစိုက်ပျိုးရန်အတွက် ပျိုးထောင်ခြင်းလုပ်ငန်းများတွင် လုပ်သားရှားပါးမှုပြဿနာရှိကြောင်း၊ နွေစပါးစိုက်ပျိုးရာ၌ လုပ်သားအခက်အခဲရှိမှု ကြောင့် စက်ဖြင့်စိုက်ပျိုးရာတွင် စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုရှိနေကြောင်း၊ ဓါတ်မြေသြဇာများမှာ စျေးကြီးသဖြင့် မိမိတို့ကျေးရွာမွေးမြုရေးဇုန်မှ မွေးမြုထားရှိသော ဝက်၊ ကြက်၊ ဆိတ်ချေးများနှင့် စပါးခွံတို့ကို ပေါင်းစပ်အခြောက်ခံ၍ သဘာဝမြေသြဇာအဖြင့်အသုံးပြုပြီး စပါးအထွက်နှုန်းတိုးစေရန် ဆောင်ရွက်နေကြရကြောင်း တောင်သူ ဦးလှဝင်းကရှင်းပြသည်။
ရေဘုတ်ရေလှောင်တမံဆည်မှ တူးမြောင်းအလျား- ၃၃၀၀၀ပေ(၆ ဒဿမ ၂၅ မိုင်)၊ အောက်ခြေအကျယ်(၅ ဒဿမ ၅ ပေ)၊ ရေထုစီးနှုန်း (၇၂)ကုဗပေ/စက္ကန့်ဖြင့် အကျိုးပြုစိုက်ဧက(၁၅၀၀)အတွက် ဆည်ရေများကို ပေးဝေလျက်ရှိသည်။ ဆည်အနီပတ်ဝန်းကျင်ရှိသမ္ဘာန်၊ ထီလုံ၊ သပုတို၊ နောင်သငဲ့ စသည့် ကျေးရွာများရှိ တောင်သူများမှ နွေစပါး၊ ဟင်းသီး၊ ဟင်းရွက်နှင့်ပဲမျိုးစုံစိုက်ခင်းများအတွက် ရေဘုတ်ဆည်မှ ဆည်ရေဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း၌ ရေဘုတ်ဆည်၊စိန်ပန်းမြိုင်ဆည်၊ သဘာဝရေဝင်နှင့် ရေဝေ၊ရေလဲ ဧရိယာအတွင်းရှိ လယ်မြေများတွင် ဒေသနေတောင်သူများက နွေစပါးစုစုပေါင်း(၁၉၁၇၃)ဧကကို နှစ်စဥ် စိုက်ပျိုးလုပ်ကိုင်နေလျက်ရှိကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ခံထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)