ငွေဆောင်မြို့၊ အ.မ.က(လွန်) ရွှေဖား(၂၃) မိုင် စာသင်ကျောင်း၌  ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ငွေဆောင် ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ အ.မ.က(လွန်) ရွှေဖား(၂၃)မိုင် စာသင်ကျောင်း၌ ယနေ့နံနက်(၁၀)နာရီက  ကျောင်းပညာစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။ ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခဲ့ကြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အ.မ.က(လွန်) ရွှေဖား(၂၃)မိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအိမှ  စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးနိုင်လင်းထွန်းမှ နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့သည်။  ထို့နောက် ကျောင်းသား/သူလေးများမှ ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့်  သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ကာယ၊ ဉာဏ ထူးချွန်ဆုရရှိသူများ၊ သင်ကြားပြသပေးသော ဆရာ၊ ဆရာမများ အား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များမှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ ဆုချီးမြှင့်ခြင်း အခမ်းအနားအပြီးတွင် အ.မ.က(လွန်) ရွှေဖား(၂၃) မိုင်စာသင်ကျောင်းမှ ကျောင်းသား/သူလေးများမှ အကပဒေသာများ၊ တေးသီချင်းများ​ဖြင့် အခမ်းအနားတက်ရောက်လာသူများအား ဖျော်ဖြေပေးခဲ့ကြောင်း သတင်းရရှိသည်။

 R – 014( ငွေဆောင်)