ပွင့်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များကို တင်ဒါလုပ်ငန်းရှင်များထံ အဆင်ပြေစွာရောင်းချပေးနိုင်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က လေလံစနစ်ဖြင့် ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်စပ်လျဉ်းပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လေလံစနစ်ဖြင့် ရောင်းချပေးမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် ပတ်သက်၍ လုပ်ငန်းလိုင်စင်အမျိုးအစားအလိုက် ဝယ်ယူရမည့် လိုင်စင်စည်းကမ်းချက်များ၊ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားသည့်အခြေအနေများနှင့် တင်ဒါလုပ်ငန်းရှင်များအတွက် ရရှိမည့်အကျိုးခံစားခွင့်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရောင်းချပေးမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်စပ်လျဉ်း၍ တင်ဒါလုပ်ငန်းရှင်များ အဆင်ပြေစွာဝယ်ယူနိုင်ရေး လေလံရောင်းချမည့်အစီအစဉ်များကို ကြော်ငြာသင်ပုန်းတွင်ကပ်၍ အသိပေးဆောင်ရွက်ထားရှိ‌ရန် ကိစ္စရပ်များနှင့် အခြားကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အကြံပြုဆွေးနွေးတင်ပြကြရာ မြို့နယ်လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် လေလံစနစ်ဖြင့် ရောင်းချပေးမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များမှာ အမဲ၊ ဆိတ်၊ ဝက် လုပ်ငန်းလိုင်စင်၊ မြို့ပြနှင့် ကျေးလက်ဒေသ အခွန်ကောက်လုပ်ငန်းများဖြစ်သည့် ဈေးကောက်၊ စက်ဘီးရပ်နားအခွန်ကောက်၊ ရေလောင်းအိမ်သာ အခွန်ကောက်လုပ်ငန်းလိုင်စင်တို့ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)