ပေါင်းတည် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ် ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ(မှတ်တိုင်လမ်း)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပသည်။
အဆိုပါ အခမ်းအနားကို အလယ်တန်းကျောင်းသား၊ ကျောင်းသူလေးများ၏ မြန်မာ့ကျောင်းသီချင်းသံပြိုင်သီဆိုမှုဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အ-လ-ကခွဲ(မှတ်တိုင်လမ်း)ကျောင်းအုပ်ကြီး ဦးရဲမင်းထက်က စုံညီပွဲတော်များ ကျင်းပရခြင်းရည်ရွယ်ချက်များနှင့် တက်ညီလက်ညီ သုံးနားညီဆောင်ရွက်မှုများဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာသော ကျောင်းအခြေအနေများကို ရှင်းလင်းတင်ပြကာ ပျဉ်းပင်ကန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်နာယကတို့က ကျောင်းသမိုင်းအစဉ်အလာနှင့် ဖွံ့ဖြိုးတိုးတက်လာပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ထူးချွန်ဆုရ ဆရာ၊ ဆရာမများအား ဆုချီးမြှင့်ခြင်း၊ ကာယဉာဏထူးချွန်ဆု ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများကို ဆက်လက်ကျင်းပပြီးနောက် အလယ်တန်းဆင့်ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သံပြိုင်သီဆို ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ရွှေသား (ပြန်/ဆက်)