ကသာ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အခြေခံပညာကျောင်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်များကို ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင်လည်းကောင်း၊ နံနက် (၁၀) နာရီအချိန်တွင် အ.ထ.က(ခွဲ) လ(၁)ကျောင်းတို့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်တာဝန်ခံပညာရေးမှူး ဦးမြင့်စိုးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းတို့က အမှာစကားပြောကြားရာတွင် မိမိတို့၏ကျောင်းတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ ကျောင်းသူများ ဘက်စုံပညာထူးချွန်တိုးတက်ရေးအတွက် မိမိတို့ပညာရေးဌာန၊ ဆရာ/ဆရာမများ၏ ဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များနှင့် ထားရှိရမည့် စိတ်ဓာတ်တို့ကိုလည်းကောင်း၊ ကျောင်းသား/ ကျောင်းသူတို့၏ ခံယူရမည့်သဘောထားများ၊ ပြည်ထောင်စုစိတ်ဓာတ်တို့ကိုလည်းကောင်း၊ မိဘများ၏ ဝိုင်းဝန်းကူညီပံ့ပိုးပေးရမည်တို့ကိုလည်းကောင်း၊ ပညာရေးစုံညီပွဲတော်၏အဓိပ္ပာယ်နှင့် အနှစ်သာရတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပြီး အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ကျောင်းအကျိုးတော်ဆောင်များက ကျောင်းဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ ခရိုင်တာဝန်ခံပညာရေးမှူး ဦးမြင့်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်း၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းကော်မတီဝင်များနှင့် ကျောင်းသားမိဘများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မြို့နယ်လူရည်ချွန်ဆုရ ကျောင်းသား/ ကျောင်းသူများ၊ အတန်းလိုက်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် မြို့နယ်အဆင့်တို့တွင် ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် အခြေခံပညာကျောင်းများမှ ခင်းကျင်းပြသထားသောဘာသာရပ်ဆိုင်ရာ သင်ထောက်ကူပြခန်းများ၊ လက်မှုပညာပြခန်းများ၊ လက်တွေ့သိပ္ပံဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)