ကသာ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ကသာမြို့မ စခန်းမှူး ဒုရဲမှူးတင့်နိုင်ထူးက ဥပဒေဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ကသာဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်က "အတွေး၊ အမြင် တွေးခေါ်တတ်ပါစေ"ခေါင်းစဉ်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က "ကလေးသူငယ်ဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ" အကြောင်းအရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက "ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များအား အသိပညာပေး ဟောပြောပွဲများမှ ရရှိသည့် အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးရှိစွာ ကြံဆအသုံးပြုတတ်စေရန်လိုအပ်ပါကြောင်း၊ ယခုလိုအသိပညာပေး ဟောပြောပွဲများကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)