ရှမ်းရွာသစ်မြို့တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော မုန်လာဥများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ရှမ်းရွာသစ် ဇန်နဝါရီ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ဆောင်းရာသီကာလရောက်ပြီဖြစ်၍ မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင် ရာသီစာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ မုန်လာဥများ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မုန်လာဥပင်များကို မိမိတို့၏အိမ်ခြံမြေများနှင့် တောင်ယာများတွင် သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် ဒေသနေပြည်သူများ အများဆုံး နှစ်သက်ကြပြီး ထမင်းဝိုင်းတွင် မပါမဖြစ်စားသုံးကြသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ အဆိုပါသီးနှံများ စိုက်ပျိုးသည့်အချိန်တွင် တောင်သူများအား ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများရရှိရေးအတွက် မြို့စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း နည်းပညာပံ့ပိုးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မုန်လာဥစိုက်ပျိုးသည့် ဒေသနေပြည်သူများအနေဖြင့် မုန်လာဥတူးဖော်ရောင်းချချိန်တွင် ငွေကျပ်(၁၀၀၀၀)ကျပ်မှ (၂၀၀၀၀) ကျပ်ထိ ရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဆောင်းရာသီကာလတွင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့်လုပ်ငန်း၊ ဥယျာဉ်ခြံမြေစိုက်ပျိုးသည့်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)